ဖိအားဒဏ်ကြောင့် ဖနှောင့်ရိုး ကျိုးအက်ခြင်း
ဖနှောင့်နာခြင်းဟာ ပြေးလွှားလှုပ်ရှားနေရတဲ့သူတွေမှာ အဖြစ်များတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အပြေးအားကစားသမားများတွင် ခြေချင်းဝတ်ကို အထောက်အကူပေးတဲ့ အရွတ်များ ယောင်တတ်တဲ့ နည်းတူ ခြေဖနောင့်ရိုးကျိုးခြင်းလည်း ဖြစ်ပေါ်တတ်ပါတယ်။
အလွန်အကျွံ လှုပ်ရှားရခြင်းဟာ ဖနောင့်ရိုးအပေါ် ဒဏ်ဖြစ်စေပါတယ်။ ကြာလာလျှင် ဖနောင့်ရိုးကျိုးတတ်ပါတယ်။ အမြင့်ပေါ်က အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျလို့ကျိုးခြင်းမျိုးနဲ့ ကွာခြားပါတယ်။
အားကစားသမားများအပြင် အရိုးပွခြင်း၊ ဗီတာမင်-ဒီ ချို့တဲ့ခြင်း၊ ဆီးချိုရောဂါ၊ အာရုံကြောအားနည်းခြင်း၊ ကိုယ်ခံအားကျဆင်းစေသောဆေးများ တာရှည်စွာ သောက်သုံးနေရခြင်း စတဲ့ ရောဂါအခြေအနေများကြောင့်လည်း ဖနောင့်ရိုးကျိုးအက်နိုင်ပါတယ်။
ဖနောင့်ရိုးကျိုးပြီဆိုလျှင် ---
- ဖနောင့်နာခြင်း
- လမ်းလျှောက်လျှင် (သို့) ပြေးလျှင် ဖနောင့်နာခြင်း
- ဖနောင့် ယောင်ယမ်းခြင်း
- ခြေထောက်ခွင်ခြင်း (သို့) လမ်းလျှောက်ရခက်ခဲခြင်း
- ကျိုးတဲ့ဘက် ခြေထောက်မထောက်နိုင်ခြင်း
- ဖနောင့်နဲ့ ခြေချင်းဝတ်တစ်ဝိုက် ညိုမည်းစွဲ ခြင်း
- ဖနောင့်အရိုး ဘေးဘက်သို့ ငေါထွက်နေတတ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။
ယေဘုယျအားဖြင့် ဖနောင့်ရိုးကျိုးအက်ခြင်းသည် လှုပ်ရှားမှုနဲ့ အားကစားကို ခဏနားလိုက်လျှင် သက်သာတတ်ပါတယ်။
သို့သော် နာကျင်မှုပြင်းထန်ရင် ဖနောင့်ရိုး ပြန်လည်ကောင်းမွန်တဲ့ အချိန်ထိ ၆ ပတ်ခန့်မျှ ဖနောင့်ကျိုးသူများအတွက် အထူးသီးသန့်ပြုလုပ်ထားသော ဖိနပ်ထူ (Boot) (သို့) ကျောက်ပတ်တီး စီးရပါတယ်။
ပထမ ရက်သတ္တပတ်မှာ ချိုင်းထောက်ကို အသုံးပြုကာ ဖနောင့်ရိုးပေါ် ဖိအားမကျရောက်အောင် ကာကွယ်ရပါတယ်။ နာတာ သက်သာသွားလျှင် ပေါ့ပါးသော ကျန်းမာရေးဖိနပ်ကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ အကြောအဆစ်ဆိုင်ရာ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများလည်း စနစ်တကျ ပြုလုပ်ဖို့လိုအပ်ပါတယ်။
ဖနောင့်ရိုးကျိုးအက်ပြီး မူလအတိုင်း ပြန်လည်ကောင်းမွန်ဖို့ကတော့ ၆ လခန့် ကြာမြင့်နိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်